Breanna Randall (@randallbreanna) and her family in Mingaladon, Yangon

၁။မင်္ဂလာပါဘိုင်ရန်နီ။မိသားစုအကြောင်းနဲနဲမေးပါရစေ။ပြီးတော့မြန်မာပြည်ကိုဘယ်လိုရောက်ခဲ့သလဲ။  

မင်္ဂလာပါရှင်။ ၂၀၁၅ ခုနှစ်က ကျမရဲ့ အမျိုးသားနဲ့အတူ မြန်မာပြည်ကို ပြောင်းရွှေ့လာခဲ့တာပါ။ (သူက ၂၀၀၆ ခုနှစ်ထဲက မြန်မာပြည်မှာ အခြေချနေပါပြီ။) အဲ့ဒီအချိန်ထဲက သမီးနှစ်ယောက်လည်း ကျမနဲ့အတူ ပါလာ တယ်လေ။ (အခုဆို သူတို့ ၅ နှစ် နဲ့ ၃ နှစ် ရှိပြီရှင့်။) ကျမ အမျိုးသားက မြန်မာ ခရစ်ယာန် လုပ်ဖော်ကိုင်ဖက် တွေနဲ့အတူ စာတတ်မြောက်ရေး စီမံကိန်းတွေမှာ အလုပ်လုပ်ပါတယ်။ ကျမတို့လည်း လုပ်ငန်းငယ်လေးတခု ကို စတင်ဖို့ အဆင်သင့်ဖြစ်လုနီးပါး ရှိနေပြီလေ။ အခုချိန်မှာတော့ သိပ်ထင်ရှားတဲ့ အကြောင်းရင်းတွေ ကြောင့် အဲ့ဒါတွေအားလုံး လောလောဆယ် ရပ်ဆိုင်းထားရတယ်။

၂၀၂၀ ခုနှစ် မတ်လမှာတော့ ကိုဗစ် အခြေအနေကြောင့် မြန်မာပြည်ရဲ့ ပြင်ပမှာ မမျှော်လင့်ပဲ သောင်တင်နေခဲ့ ပြီး၊ ပြန်လို့မရ ဖြစ်နေခဲ့တယ်။ ပြင်ပမှ တနှစ်နီးပါး ပိတ်မိနေခဲ့ပြီးနောက် မြန်မာပြည်က ပြန်ဖွင့်ပေးရင် ရန်ကုန်က ကျမတို့အိမ်ကို ပြန်ရဖို့ ကျမတို့တွေ စိတ်လှုပ်ရှားစွာနဲ့ပဲ စောင့်ဆိုင်းနေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီတော်လှန်ရေးကြီး အောင်မြင်ချိန်အထိ၊ လက်ရှိ ကျမတို့ စီမံကိန်းတွေမှာ ပါဝင်ပတ်သက်နေကြသူ အားလုံး က တော်လှန်‌ရေးနဲ့အတူ ပါဝင်ဆောင်ရွက်နေပြီး မြန်မာသူငယ်ချင်းများကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်း မျိုးစုံကနေပြီး အကူအညီပေးနေပါတယ်။

Jim Randall and Lena in Chaungtha beach

၂။ရှင်ကစိတ်ကျန်းမာရေးဆိုင်ရာပရောဂျက်၊ Adidas/Beyonce ကမ်ပိန်း၊လက်ရှိမှာ #sisters2sisters စတဲ့လှုပ်ရှားမှုတော်တော်များများကိုအဓိကအစပျိုးမျိုးစေ့ချပေးသူတဦးအဖြစ်တွေ့ရှိရပါတယ်။မတ်လထဲမှာပဲမြန်မာပြည်တွင်းကနေတော်တော်ကိုဆိုးဆိုးရွားရွားစိတ်တုန်လှုပ်ခြောက်ခြားဓါတ်ပုံတွေရာနဲ့ချီပြီးကိုမြင်ခဲ့ရပါတယ်။အဲဒီအချိန်မှာပဲသေဆုံးသူလူငယ်တွေရဲ့သက်ရှိထင်ရှားရှိနေစဥ်ကာလတုန်းကဓါတ်ပုံတွေကိုတွစ်တာမှာတင်ဖို့ရှင်အကြံပေးခဲ့တယ်လေ။ရှင့်ရဲ့အကောင်းဖက်ရှေ့ရှု့စဥ်းစားမှုကဒီတော်လှန်ရေးကိုဘယ်လိုအကျိုးသက်ရောက်သွားစေခဲ့လဲဆိုတာစဥ်းစားရင်းအမှတ်ရနေတယ်။ဒီလိုအံဩစရာစိတ်အင်အားကိုဘယ်ကနေရခဲ့သလဲ။

“မင်း ဒီစိတ်ကူးကို ဘယ်လိုရခဲ့တာလဲ” ဆိုတဲ့ မေးခွန်းကို ဖြေရတာ နည်းနည်းတော့ခက်သားပဲ။ ဘာလို့လဲ ဆိုတော့ ကျမလုပ်ဆောင်ခဲ့တဲ့ လှုပ်ရှားမှု အများအပြားဟာ မြန်မာမိတ်ဆွေတွေနဲ့ စိတ်အားထက်သန်စွာ စကားလက်ဆုံကြရင်း၊ ပြောရင်းကနေ ရလာတဲ့ ရလဒ်တွေပဲ ဖြစ်ပါတယ်။ ဒီလို စိတ်ကူးစိတ်သန်းတွေက ပြသာနာတခုအပေါ် အမြင်တွေမျှဝေဆွေးနွေးရင်းက စတင်ရရှိလာလေ့ ရှိပါတယ်။ Adidas/Beyonce လှုပ်ရှားမှု ဆိုရင်လည်း မြန်မာမိတ်ဆွေ တယောက်နဲ့ အဲ့ဒီအကြောင်းအရာ အပေါ်မှာ အပြန်အလှန် စာရိုက် ဆွေးနွေးရင်း အကြံဥာဏ်တွေ ဖလှယ်ခဲ့တာပါ။ လှုပ်ရှားမှုတခုကို ကျမတို့ ဖန်တီးလိုက်လို့ မကြာပါဘူး၊ အခြားသူတွေက ပါဝင်ကူညီ လာကြပါတယ်။ ဒီလှုပ်ရှားမှုတွေမှာ မတူညီတဲ့ ယဥ်ကျေးမှုတွေ ပေါင်းစည်းမိပြီး ကူးလူးဆက်ဆံရင်းနဲ့ပဲ တီထွင်ဖန်တီးမှုတွေကို အားကောင်းစေခဲ့တယ်၊ ဘာသာစကား တခုထက်ပိုပြီး ပြောတဲ့သူတွေ ဆွေးနွေးတိုင်ပင်ကြရင် တီထွင်ဖန်တီးမှုဖြစ်စဥ်ကို တိုးတက်စေတယ်လို့ ကျမ ထင်တာပါပဲ။ ဒါပေမယ့်လည်း ကျမကတော့ အကြံဥာဏ်တော်တ်ောများများကို ကျမရဲ့ မြန်မာမိတ်ဆွေဆီက ရခဲ့တာပါ လို့ ပြောချင်ပါတယ်။ အာဏာသိမ်းမှု ဖြစ်စဥ်ကြောင့် အဲဒီ မိတ်ဆွေတွေရဲ့ အမည်ရင်းကို မဖော်ပြနိုင်တာကို တော့ မုန်းမိတယ်ရှင့်။

တကယ်တော့ ကျမရဲ့ စိတ်စွမ်းအင်အများစုက ဒေါသစိတ်ကနေ ရလာတာပါ။ ကျမမိတ်ဆွေတွေနဲ့အတူ ရပ်တည်ပြီး ဖိနှိပ်မှုစနစ်တွေကို ပြန်တွန်းလှန်ရင်း ဖန်တီးမှုတွေ ထွက်လာတယ်လို့ ကျမထင်တာပဲ။  ဖိနှိပ်မှု ရဲ့ ရင်းမြစ်ကတော့ ဖန်တီးမှု မရှိတာ၊ ချိနဲ့ပျက်စီးစေတာကိုပဲ ဖြစ်ပေါ်စေပြီး၊ ရပ်တန့်သွားစေပါတယ်။ တွန်းလှန်ဆန့်ကျင်မှုက အဲ့ဒီ “စံနှုန်းများ” အားလုံးကို ပြောင်းပြန်လှန်ပြစ်တာပါပဲ။

တွန်းလှန်ဆန့်ကျင်ခြင်းဆိုတာ စိတ်ကူးကနေ စတင်ရတဲ့ အလုပ်ပါ။ ပိုမိုကောင်းမွန်တဲ့ကမ္ဘာတခု ရှိနိုင်တယ် ဆိုတဲ့ ယုံကြည်ချက်မျိုးပေါ့။ အဲ့ဒီယုံကြည်မှု ပြီးတော့ အဲ့ဒါကို လူသန်ပေါင်း အနည်းငယ်နဲ့ မျှဝေမယ်ဆိုတဲ့ အချက်က ကျမကို ခွန်အားဖြစ်စေတဲ့ အရာပါပဲ။

၃။မဂ်လာဒုံမှာနေစဥ်တုန်းကနေ့တဓူဝဘဝကရောဘယ်လိုမျိုးလဲ။မြန်မာပြည်မှာရှင့်ရဲ့ကလေးတွေကိုပြုစုပျိုးထောင်ရတာရောဘယ်လိုမျိုးမြင်သလဲ။ရှင့်ရဲ့မြန်မာဘာသာစကားရောအခြေအနေဘယ်လိုလဲ။

ကိုဗစ် မဖြစ်ခင်က ကျမတို့ရဲ့ ဘဝနေဟန်ကို ခပ်တိုတိုပြောရရင်တော့ 

  • လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဖို့ မြို့ထဲအထိကို စက်ဘီးစီးသွား လေ့ရှိတယ်။ 
  • အလုပ်သွားရင်းနဲ့ သမီး‌လေးတွေကို သူတို့ရဲ့  မြန်မာမူကြိုကျောင်းမှာ ပို့ခဲ့ပါတယ်။
  • အလုပ်မှာတော့ အမျိုးသားနဲ့ ကျမတို့  စာရေးတဲ့ အလုပ်တွေရှိပါတယ်။ ကျမတို့ လုပ်ငန်းအတွက် သုတေသနနဲ့ ဒီဇိုင်းဆွဲ ပါတယ်။ 
  • ညနေပိုင်းတွေမှာတော့ ကျမတို့  အိမ်နီးနားချင်းတွေနဲ့ လမ်းထဲမှာ လျှောက်သွားကြရင်း တွေ့ကြဆုံကြ နဲ့ အချိန်ကုန်စေတယ်။ တခါတလေတော့ မဂ်လာဒုံ မြောက်ပိုင်းမှာ ရှိတဲ့ စပါးကွင်း၊ လယ်ကွင်း တွေဆီ  စက်ဘီး ခပ်ကြာကြာစီးထွက်ကြပါတယ်။

ကျမရဲ့  ကလေးတွေက မဂ်လာဒုံမှာ နေရတာ နှစ်သက်ကြပါတယ်။ သမီးလေးတွေက မြန်မာပြည်က အိမ် ကို ဘယ်တော့ပြန်လို့ရမလဲ လို့ နေ့တိုင်းမေးကြတယ်။  ကျမတို့ရဲ့ အိမ်နီးနားချင်းတွေက အလွန်ဖော်ရွေကြ တဲ့ ချစ်စရာကမ္ဘာလေးပါ။ ကျမတို့ ပြန်လို့ရတဲ့နေ့ဟာ သမီးတွေအတွက် ပျော်ရတဲ့နေ့ ဖြစ်ပါလိမ့်မယ်။   

ကျမရဲ့ မြန်မာစကားလား။ ကျမက မြန်မာစကားကိုတော့ အပြောအဆင့်ပဲ ပြောနိုင်ပါသေးတယ်။ ဒီထက် ပိုကောင်းလာဖို့ကို ကျမ အမြဲဆန္ဒရှိပါတယ်။ ကျမက သီအိုရီတွေ/အယူအဆတွေ စတဲ့ခေါင်းစဥ်တွေနဲ့ ပတ်သက်လာရင် ဆွေးနွေးရတာ အားမသန်ပါဘူး။ ကျမအမျိုးသား ဂျင်(မ်) ကတော့ ဘာသာစကားသင်ယူမှု မှာ ကျွမ်းကျင်သူပါ။ သူက ပါဋိအဘိဓာန်ကို ဖတ်ရတာမျိုး  အဲ့ဒါမျိုးတွေ ကြိုက်ပါတယ်။ 

Mingaladon, Yangon: “Our kids love living in Mingaladon”

၄။မြန်မာပြည်နှင့်ပတ်သက်တဲ့အကြိုက်နှစ်သက်ဆုံးအမှတ်တရလေးပြောပြလို့ရနိုင်မလား။ 

အဲဒီလို တွေးလိုက်ရင် ကျမ စိတ်ထဲကို ချက်ချင်း ရောက်လာတာက ကျမတို့နေတဲ့ ပတ်ဝန်းကျင်ပဲ ဖြစ်ပါ တယ်။ ကျမတို့ အခုငှားနေတဲ့အိမ်ကို မိတ်ဆွေတယောက်အကူအညီနဲ့ တွေ့ခဲ့တာပါ။ သူက အဲ့ဒီ ပတ်ဝန်း ကျင်ရဲ့ ရပ်ရွာခေါင်းဆောင် တဦးပါ။ ကျမတို့ မပြောင်းရွေ့ခင်က (အဲ့ဒီနေရာနဲ့ သိပ်မဝေးတဲ့ ရပ်ကွက်ကနေ ပြောင်းလာတာပါ) ဆိုရင် အဲဒီ နေရာကို ပြောင်းနေဖို့အတွက်ကို လူ တွေက မကောင်းဘူး လို့ သတိပေး ကြ ပါတယ်။ ကျမတို့ ပြောင်းရွေ့ပြီးချိန်မှာ ကျမတို့ သူငယ်ချင်းက အလေးအနက် ပြောပါတယ်။ ဒီနေရာမှာ စိတ်မပူဖို့နဲ့၊  ရှိတဲ့ သူခိုးတွေ အားလုံးကို သူ သိပါတယ်။ ကျမတို့ဆီကနေ မခိုးဖို့ကို သူခိုးတွေကို တားမြစ်ထား တယ်ဆိုပြီး သူက ပြောပြပါတယ်။ 

ကျမတို့က အခိုးခံရမှာကို တကယ်မစိုးရိမ်ပါဘူး။ ဒါပေမဲ့ သူရဲ့တွေးပေးတတ်မှု အတွက်ကို ကျေးဇူးတင်ပါ တယ်။  ဒီနေ့ထိကတော့ သူ့ရဲ့ စကားအတိုင်း ပါတယ်။ ကျမတို့ တခါမှ အခိုး မခံရဘူး။ ဒီပတ်ဝန်းကျင်က ကျမတို့ကို အသိအမှတ်ပြုလို့လည်း ကျေးဇူးတင်ရပါတယ်။ မြန်မာတွေရဲ့ ဖော်ရွေမှုက ကျမတို့ရဲ့ ဘဝကို လုံးဝပြောင်းလဲ စေခဲ့ပါတယ်။ (အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုပေးတဲ့အတွက် မြန်မာ ‌တွေက ကျမတို့ကို ကျေးဇူးတင်ကြပါတယ်၊ ဒါပေမဲ့ ရိုးသားစွာပြောရမယ်ဆိုရင် ကျမတို့ကလည်း သူတို့ တိုက်တဲ့ လက်ဖက်ရည်ခွက် အမြောက်အများအတွက် ပြန်ပေးဆပ်ဖို့ ရှိပါတယ်။ အခုလို ပြောဆိုတာကတော့ ကျမတို့ လုပ်ပေးနိုင်တဲ့ အသေးငယ်ဆုံးအရာတခုပါ။ ဒါကလည်း ကျမတို့ရရှိထားခဲ့တဲ့ ဖော်ရွေမှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြသဖို့ ကျမတို့ရရှိတဲ့ အခွင့်အရေးပါပဲ။)

“My dream is to start a community library. It’s really fun to have a yard full of readers”

၅။ရှင်ကအစားအသောက်နဲ့ပတ်သက်ပြီးခုံမင်မှုလည်းရှိတယ်နော်။ပြီးတော့မြန်မာအစားအသောက်နဲ့ပတ်သက်ပြီးသတ်သတ်မှတ်မှတ်ပြောကြတာလည်းမရှိဘူးဆိုတော့ရှင့်အနှစ်သက်ဆုံးဟင်းကဘာဖြစ်နိုင်မလဲ။ဘယ်ဟင်းကိုချက်ရတာကြိုက်လဲ။

အနှစ်သက်ဆုံးတခုကို ရွေးပါဆိုရင်တော့ ကျမလည်း မသိပါဘူး။ ဒါပေမဲ့ ကျမသာ နောက်တနေ့မှာ မြန်မာ ပြည်မှာ နိုးထရမယ်ဆိုလို့ရှိရင် ပထမဆုံး ကျမသွားမဲ့နေရာက ကျမတို့ လမ်းဒေါင့်က လက်ဖက်ရည်ဆိုင်ပဲ ဖြစ်လိမ့်မယ်။ ပဲပြုတ်နံပြားတပွဲ၊ လက်ဖက်ထမင်းနဲ့ လက်ဖက်ရည်တခွက်ကို မှာမိလိမ့်မယ်။ 

အိမ်မှာချက်ပြုတ်ချင်ဆုံးဟင်းကတော့ ဘဲဥဟင်းပါ။ နောက်ပြီး ကျမက အိမ်ချက်ငါးဖယ်နဲ့ မျှစ်နဲ့ ချဥ်ပေါင် ဟင်းကိုလည်း ကြိုက်ပါသေးတယ်။ နောက်ပြီး မိသားစု ကြိုက်တဲ့ဟင်းကတော့ ရှောက်သီးသုတ်နဲ့ လက်ဖတ် သုတ်ပါ။ ကျမရဲ့ ၃ နှစ်အရွယ်သမီးလေးဆိုရင် သူ့လက်ထဲသာ ထည့်ပေးလိုက်လို့က‌တော့ လက်ဖက်သုတ်ကို တပန်းကန်လုံး သူတယောက်တည်း ကုန်အောင်စား နိုင်ပါတယ်။ 

အမှန်တကယ်ပြောရမယ်ဆိုရင် ကျမရဲ့အကြိုက်ဆုံး မြန်မာထမင်းဟင်းတချို့ကတော့ အဝေးပြေးလမ်းမ ပေါ်မှာရှိတဲ့ ကားရပ်နားတဲ့နေရာတွေက ထမင်းဆိုင်တွေပဲ။ ကားပေါ်ကဆင်းဆင်းချင်း ဆိုင်ပေါက်ဝ ရောက် နေတဲ့  အတွေ့အကြုံလား မသိဘူး။  အဲဒီနေရာတွေက ရန်ကုန်နဲ့ သိပ်မနီးတာကတော့ တော်တော် စိတ် မချမ်းမသာ ဖြစ်ရပါတယ်။

၆။ရှင်ကစာဖတ်တာကြိုက်တဲ့သူဆိုတော့ခုလိုစိတ်ရှုပ်စရာကောင်းတဲ့အချိန်မျိုးကိုဖြတ်သန်းနိုင်ဖို့စာအုပ်တချို့ကိုအကြံပေးလို့နိုင်မလား။ 

ဟင်း…ကျမ ဒီမေးခွန်းကို ဖြေနိုင်မယ်လို့ မထင်ဘူး။ ဘာလို့လဲဆိုတော့ အာဏာသိမ်းပြီးကတည်းက စပြီး ဘာစာအုပ်မှ မဖတ်ဖြစ်သေးဘူး။ (ဇန်နဝါရီလတုန်းကတော့ စာအုပ်ပေါင်း ၁၆ အုပ်လောက်ဖတ်ဖြစ်တယ်။ ဒါ ပြီးတော့ ဖေဖေါ်ဝါရီ ၁ရက်နေ့က စပြီး ကျမ စာဖတ်တာ ရပ်လိုက်ရတယ်။) 


ကျမ ခေါင်းထဲကို ဝင်လာတဲ့ပထမဆုံး စာအုပ်ကတော့ Ruth Reichl ရဲ့ Garlic and Sapphires ဆိုတဲ့ စာအုပ်ပါ။ အဲဒီမှာ သူက NYT အတွက် အစားအသောက်အကြောင်းကို အမည်မဖော်ပဲ ဆွေးနွေးဝေဖန်ရေး သားသူတယောက် ဖြစ်တဲ့အကြောင်း ပြောထားတယ်။ မြန်မာယဥ်ကျေးမှုက အစားအသောက်အကြောင်း ဆွေးနွေးပြောဆိုရတာ ကြိုက်နှစ်သက်ကြပုံကို ကြည့်ရင် ကျမစိတ်ထင် မြန်မာမိတ်ဆွေတွေ ကြိုက်ကြမယ် လို့ ထင်ပါတယ်။ အဲဒီစာအုပ်က အခု ကျမတို့ လက်ရှိဖြစ်နေဆဲ အနိဌာရုံတွေကနေ အခိုက်အတန့် ဖယ်ခွာ နိုင်တဲ့ ကောင်းတဲ့အရာမျိုးပေါ့။ စားသောက်ဆိုင် ယဥ်ကျေးမှုအကြောင့် စိတ်ဝင်စားဖွယ် ထဲထဲဝင်ဝင် ရေးသားထားတဲ့ ရယ်မောစရာလည်းကောင်းတဲ့ စာအုပ်တအုပ်ပါ။ 

နောက်ထပ် အကြံပေးချင်တဲ့ စာအုပ် ၂ အုပ်ကတော့ Trung Le Nguyen ရဲ့   The Magic Fish စာအုပ်လေးပါ။ သူကတော့ ဆယ်ကျော်သက် ကောင်လေးတဦးက သူ့အမေဆီကို ဘယ်လို ကြိုးစားရောက်အောင်ခဲ့ရတယ် ဆိုတဲ့ ရုပ်ပြဝတ္တု တအုပ်ပါ။

နောက်တအုပ်ကတော့ Brian Doyle ရဲ့ One Long River of Song: Notes on Wonder for the Spirital and Non-Spirital Alike ဆိုတဲ့ အမျိုးသားတဦးက ဘဝမှာ အခက်အခဲတချို့နဲ့ ကြုံတွေခဲ့ရပြီး ဆုံးရှုံးမှုတွေ တွေနဲ့ ဘယ်လို နေထိုင်ဖြတ်သန်းခဲ့ရလဲဆိုတဲ့ အက်ဆေးပေါင်းချုပ် စာအုပ်ပါ။ 

၇။မြန်မာပြည်ကရှင့်ရဲ့ဘဝထဲကကြီးမားတဲ့အစိတ်အပိုင်းတခုအနေနဲ့ဆက်လက်ရှိနေအုန်းမယ်လို့ထင်ပါတယ်။မြန်မာပြည်သူပြည်သားတွေကရှင့်ရဲ့ဘဝကိုဘယ်လိုအပြောင်းအလဲလုပ်နိုင်ခဲ့သလဲရှင်။ 

အကြောင်းအရာအတော်များများနဲ့ ပတ်သက်ပြီး မြန်မာပြည်က ကျမကို အများကြီး သင်ပေးခဲ့သလို၊ ဒီမှာပဲ ကြုံတွေခဲ့ ရတယ်။ အက်ဆေးပုံစံ စာအရှည်ကြီးရေးမဲ့အစား ကျမ အချက်လေးတွေနဲ့ ပြောချင်ပါတယ်။

  • ကျမက လူဖြူ လူမျိုးကြီးဝါဒကို အမွေရခဲ့ပါတယ်။ ဒါကိုပဲ ကျမနဲ့အတူ ဆက်လက်သယ်ဆောင် လာပါတယ်။
  • နောက်ပြီး အနောက်တိုင်းရဲ့ တကိုယ်တော်ဝါဒ တော်တော်များများက ကြွယ်ဝချမ်းသာမှု ပေါ်မှာပဲ ဦးတည်ထားတဲ့ စိတ်ကူးယဥ်ကမ္ဘာ တခုပါ။
  • အလှတရားနဲ့ အင်အား ဟာ အပြန်အလှန်မှီခိုရှင်သန်တဲ့ စုပေါင်းနေထိုင်မှု ပါပဲ။ 
  • အဲ့ဒီမှာ ပြောစရာမလိုပဲနဲ့ လူအချင်းချင်း အတူတူထိုင်ပြီး စကားရုံနဲ့ အဆင်ပြေပါတယ်။  

၈။အခုချိန်မှာရှင်ဘယ်အရာကိုအလွမ်းဆုံးလဲ။ဒီတော်လှန်ရေးကြီးအောင်မြင်စွာပြီးသွားတဲ့အခါမှာရှင်ပထမဆုံးဘာလုပ်ဖြစ်မယ်ထင်လဲ။

ကျမ အလွမ်းရဆုံးကတော့ ကျမရဲ့သူငယ်ချင်းမိတ်ဆွေတွေနဲ့ အိမ်နီးနားချင်းတွေပါပဲ။ ဖြစ်နိုင်တဲ့ အခြေ အနေပေးတဲ့ အချိန်တိုင်းမှာ ကျမ ပြန်သွားချင်ပါတယ်။ ဒါပေမဲ့လည်း ကျမ ကိုယ့်ကိုကိုယ် ပြန်ပြီး အားပေး နေတယ်။ ကျမ ထွက်ခွါခဲ့ရတဲ့ နေရာတော့ ဖြစ်လိမ့်မယ် မထင်ဘူးဆိုပြီးတော့ပေါ့။ အပြင်လူတယောက် အနေနဲ့ ကျမ ဘယ်လိုမှနားမလည်နိုင်မဲ့ အခြေအနေတွေက ပတ်ဝန်းကျင်တခုကို ဘယ်လောက် ကြီးမားတဲ့ ဒဏ်ရာတွေနဲ့ ထုဆစ်ထားမလဲ ဆိုတာကိုပေါ့။ အာဏာသိမ်းချိန်အတွင်းမှာ ကျမက ဘယ်လို ရုပ်ပိုင်းဆိုင်ရာ အန္တာရာယ်မှ မရင်ဆိုင်ခဲ့ရတဲ့သူ အနေနဲ့ပေါ့။ 

ဒီတော်လှန်ရေးကြီးအောင်မြင်ပြီးချိန် ကျမ ပထမဆုံးလုပ်မဲ့အရာက ဘာလဲသိလား။ ကျမ သမီးလေးတွေကို ပြောပြမယ်။ နောက်ပြီး သူတို့ကို ခေါ်သွားပြီး ထူးခြားတဲ့ အစားအစာတခုကိုစားပြီး အောင်ပွဲခံမယ်ပေါ့။ ၅ နှစ်အရွယ် သမီးကြီး  လယ်နာ (Lena) က တတိုင်းပြည်လုံးကို ကိတ်မုန့်ပါတီ ပေးမယ်၊ လေဟာပြင်ထဲမှာ ရုပ်ရှင်ပြမယ်‌ပေ့ါ ဆိုပြီး သူဘယ်လို အောင်ပွဲခံချင်တယ်ဆိုတာကို ခဏခဏပြောပြနေတော့ အောင်မြင်မှု အထိမ်းအမှတ်ကိတ်စားပြီး ပါတီပေးဖို့ စပြီး ပြင်ဆင်မယ်ပေါ့။ 

၉။အနာဂတ်အတွက်ဘယ်လိုပရောဂျက်တွေရှိလဲဟင်။နောက်ထပ်ရောဘာထပ်ဖြည့်ချင်တာရှိအုန်းမလဲ။ (ရှင့်သူငယ်ချင်းတွေအတွက်စကားလက်ဆောင်ပါးချင်တာရောရှိအုန်းမလား)

ကျမ ဝန်ထမ်းတွေ ငှါးပြီး ကျမတို့ရဲ့ စီးပွားရေး အငယ်စားလေးတခုကို မြေပြင်မှာ ချက်ချင်း အကောင် အထည် ဖော်ချင်လှပါပြီ။ ကျမ အမျိုးသားနဲ့ ကျမတို့က အဖုံးလဲပါတဲ့၊ ဝါးနဲ့လုပ်တဲ့ ပုလင်းတွေကို ပြုလုပ် တဲ့လုပ်ငန်းကို အကောင်အထည်ဖော်ဖို့ အစီအစဥ်ဆွဲထားကြပြီးပြီ။ ကိုဗစ် မလာခင်လေးတင်ပဲ ကျမတို့ ထုတ်လုပ်မှု စတင်ဖို့ ဝန်ထမ်းတွေ ငှါးဖို့ လုပ်နေစဥ်လေးပဲ ။ အနာဂတ်အတွက် ကျမတို့ရဲ့ အိပ်မက်လေးက မြန်မာပြည်က ပြည်သူတွေကို အလုပ်များများ ဖန်တီးပေးဖို့အတွက်ပဲ။ နောက်ပြီး ပလတ်စတစ်နေရာမှာ အခြားသော ရေရှည်သုံးလို့ရမဲ့ သဘာဝပတ်ဝန်းကျင်လည်း မထိခိုက်စေမဲ့ အရာဝတ္ထုတွေကို ဖန်တီးနိုင်ဖို့ ပါပဲ။ မြန်မာနိုင်ငံရဲ့စီးပွားရေးကို ပြန်လည်ထူထောင်နိုင်ဖို့ ကျမတို့ အကူအညီတွေ တတ်နိုင်သလောက် ပေးချင်ပါတယ်။ 

(Here’s a link to our Instagram page for those who are curious: https://www.instagram.com/wabu.myanmar/?hl=en)

ဘယ်စစ်အာဏာရှင်မှ အမြဲတမ်း မတည်မြဲနိုင်ပါဘူး။ 

ဒီအာဏာရှင်စနစ်ကို အဆုံးထိ ဆွဲချနိုင်မဲ့၊ ခက်ခက်ခဲခဲနဲ့ ရယူနိုင်မဲ့ အောင်ပွဲကို ကျင်းပချင်လှပါပြီ။ 

ဒီတော်လှန်ရေးရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတခုမှာ ပါဝင်နိုင်ဖို့ က ကျမ ဘဝရဲ့ အကြီးမားဆုံး honor ပါပဲ။ ကျေးဇူး တင်ပါတယ်။  

|||

Myanmar translation by Mie Mie 🙏

About Mingaladon: “Our daughters ask every day about when we can return home. Our neighborhood is an extrovert’s paradise”

useful links:

– Breanna’s FB page: https://www.facebook.com/madimbout

– Breanna&Jim Instagram page: https://www.instagram.com/wabu.myanmar/?hl=en

– Follow Breanna on Twitter: @randallbreanna

– Join the Revolution: www.speakupformyanmar.com


|||


0 Comments

Leave a Reply

Avatar placeholder

Your email address will not be published. Required fields are marked *